Monday, 20 August 2012

မွေခံထိုက်စေ........

ပုံပြင်လေးတစ်ပုဒ်ပြောပြလိုပါတယ်.။ဒီပုံပြင်လေးက ကျနော်ငယ်ငယ်က ကျနော့်မေမေပြောပြဘူးတဲ့ 
ပုံပြင်များထဲက ကျနော်နှစ်သက်စွဲလမ်းခဲ့ တဲ့  ပုံပြင်လေးတစ်ပုဒ်ပါ.။ဒီအိပ်ယာဝင် ပုံပြင်လေးကို ကျနော် (မွေခံထိုက်စေ..)
လို့ အမည်နာမ ပေးလိုက်ရပါတယ်..။

ဟိုးရှေးရှေးတုန်းကပေါ့ကွယ်....ရွာတစ်ရွာမှာ အဖိုးအို  အဖွားအိုလင်မယားနှစ်ယောက်ဟာ အသက်ရွယ်ကလဲကြီး  သားသမီးကလဲ  လိုချင်ပါရက်နဲ့  မထွန်းကားခဲ့လေတော့ ..အိမ်မှာ ခွေးမလေးတစ်ကောင်ကို သားသမီးအမှတ်နဲ့ မွေးစားလို့  ယုယုယယ ချစ်ခင်နေရ ရှာတာပေါ့ကွယ်.။
        ခွေးမလေးလဲ တဖြည်းဖြည်းနဲ့  မီးကောင်ပေါက်အရွယ်လေးရောက်လာတော့  တနေ့ မှာ ခွေးမလေး
ကိုယ်ဝန်ရှိလာတော့ တာပေါ့ဗျာ..ဒီလိုနဲ့ ခွေးမလေးကို အဖိုးနဲ့ အဖွားအို လင်မယားနှစ်ယောက် ဂရုတစိုက်နဲ့ ကြွေးမွေးလာကြရင်းနဲ့   ခွေးမလေးလည်း  နေ့စေ့လစေ့ မီးဖွားချိန်တန်တော့  အဖိုးအိုတို့ လင်မယားနှစ်ယောက်ဟာ   ခွေးမလေးကို  မီးဖွားနိုင်ဖို့ အရေး  အိမ်အောက်တစ်နေရာမှာ နေရာထိုင်ခင်းလေးလုပ်ပေးလို့  ည အိပ်ယာဝင်ကြတာပေါ့.။
        ဒီလိုနဲ့  ည သန်းခေါင်ယံ  အချိန်ရောက်လာတော့  အိမ်အောက်က ( အူဝဲ.....အူဝဲ.....) နဲ့ ကလေးငိုသံတွေကြားရသတဲ့ ကွယ်.။
အဖိုးအို။။            ။။ ဟဲ့  ဟဲ့ ....မိန်းမ  ထစမ်းပါအုံး..ငါကလေးငိုသံကြားရတယ်..နားထောင်စမ်း..နားထောင်စမ်း..။
အဖွားအို.။။        ။။ အေး....ကျူပ်လဲကြားရတယ်တော်..။အဲဒါပြောမလို့ ...နားထောင်နေတာ..
လာ  လာ  ငါတို့ အိမ်အောက်ဆင်းကြည့်ရအောင်...
    အဖိုးအိုနဲ့  အဖွားတို့ လင်မယားနှစ်ယောက် အိမ်အောက်ထပ်ကိုဆင်းကြည့်လိုက်တော့ ....ထူးဆန်းဖွယ်ရာတွေ့ လိုက်သတဲ့ ..သူတို့ မွေးထားတဲ့ ခွေးမလေးက
ထူးထူးဆန်းဆန်း လူသားမိန်းကလေးနှစ်ယောက်ကို မွေးဖွားထားတာ တွေ့ လိုက်ရသတဲ့ ဗျာ..
အဖိုးအို..။။      ဟာ.....ထူးဆန်းလိုက်တာ  အဖွားကြီးရေ...ငါတို့ မှာ သားသမီးလိုချင်ပါရက်နဲ့ .သားသမီးမရခဲ့ 
                 ဘူး..ခုတော့  သားသမီးတွေ အသက်ကြီးမှ ရတယ်ကွာ...ခွေးမလေးကို ကျေးဇူးတင်ရမယ်..။
အဖွားအို..။။      အို.....ဟုတ်ပတော်..ကျုပ်တို့ မှာ သားသမီးကလဲ မရှိ..ခုတော့  ကျူပ်တို့ အတွက် သားသမီးရ
                       ပြီတော်..ပျော်လိုက်တာ အဖိုးကြီးရယ်...။
ဒီလိုနဲ့  အဖိုးအိုတို့ လင်မယားနှစ်ယောက်ဟာ ပထမဆုံးကြည့်မိတဲ့  လူသားမိန်းကလေးကို( မကြီး) လို့ 
နာမည်ပေးပြီး  နောက်မှကြည့်မိတဲ့  မိန်းကလေးကိုတော့ (  မငယ်)   လို့ နာမည်ပေးလိုက်သတဲ့ကွယ်..။
မကြီးနဲ့ မငယ်တို့   ညီအမ နှစ်ယောက်မှာ  တစ်မိခင်ထဲ  တစ်ချိန်ထဲမှာ မွေးဖွားတယ်ဆိုပေမယ့်  အကျင့်
စရိုက်ချင်းကတော့  လုံးဝ မတူညီကြဘူး..။မကြီးက မာနကြီးတယ်..ဘဝင်မြင့်တယ်..ကိုယ့်ကိုယ် ကိုယ် အထင်ကြီးပြီး သနားညှာတာတတ်ခြင်းကင်မဲ့ တယ်..။ မငယ်ကတော့  ရိုးသားအေးဆေးတယ်..တည်ငြိမ်တယ်..။ မာန မရှိဘူး..သတ္တဝါများအပေါ်မှာ သနားကြင်နာတတ်တဲ့ 
နှလုံးသားရှိတယ်.။ညီအမ နှစ်ယောက်ရဲ့ အကျင့်စရိုက်ဟာ လုံးဝခြားနားရင်း  အရွယ်ရောက်လာတော့  အဖိုးအို နဲ့ အဖွားအိုလဲ  အသွင်စရိုက်ခြင်းမတူညီတဲ့  ညီအမ နှစ်ယောက်ကို လောကအလယ်မှာ ထားရစ်ခဲ့ လို့  သင်္ခါရသဘော မလွန်ဆန်နိုင်တော့ တဲ့ အတွက် ဘဝ တစ်ပါးသို့ ပြောင်းရွေ ကွယ်လွန်သွားကြတာပေါ့.။
ဒီလိုနဲ့  မကြီးနဲ့ မငယ် ဟာ  အချိန်တန်အရွယ်လေးတွေရလို့  သီးချိန်တန်လို့  သီးကြပွင့်ကြတော့ ..မကြီးက
မြို့ ပေါ်က လူကုန်ထံအသိုင်းဝိုင်းက သဌေးသားတစ်ယောက်နဲ့  ရေစက်ဆုံကာ ချမ်းချမ်းသာသာနဲ့ နေထိုင်ကြသတဲ့ ..။
 မငယ် ကတော့  ရိုးသားကြိုးစားစွာလုပ်ကိုင်စားသောက်ရင်း သာမန်ဆင်းရဲသားလေး တစ်ယောက်နဲ့ ရေစက်ဆုံလေတော့  ဘဝကို ခက်ခက်ခဲခဲ နဲ့  ကန်စွန်းရွက်လေး အသီးနှံ့ လေးရောင်းချစား
သောက်ရင်း ဘဝကို ဆင်းရဲတွင်းက ရုန်းကန်နေရ ရှာတယ်..။
              မကြီးနဲ့ မငယ်တို့ ရဲ့ မွေးမိခင်အရင်း  ခွေးမလေးခမျာလဲ အသက်ရွယ်ကြီးပြင်းလို့  ဇရာထောင်းကာ
ခွေးအိုမကြီး အဖြစ်ရောက်ရှိနေခဲ့ပြီ.။ အသက်ရွယ်ကလဲကြီး အရင်ကလို သွက်သွက်လက်လက် မလှူပ်နိုင်မရှားနိုင်တဲ့  ခွေးအိုမကြီး စဉ်းစားနေမိတာက......( အင်း ...ငါ့သားသမီး နှစ်ယောက်မှာ အကြီးမ
မကြီးကတော့  ချမ်းချမ်းသာသာနဲ့  သဌေးကြီးကတော်ဖြစ်နေတယ်..ငါ့သမီး အငယ်မ မှာတော့ ..ဆင်းဆင်းရဲရဲနဲ့   ဈေးမှာ ကန်စွန်းရွက်လေး အသီးနှံ့ လေးရောင်းချစားသောက်လို့  ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရ ရှာတယ်.. ငါမသေခင်လေးတော့  ငါ့သမီး နှစ်ယောက်မျက်နှာလေးတွေကို ငါ တဝကြီးကြည့်ချင်လိုက်ပါဘိကွယ်...ငါ့သမီးလေးနှစ်ယောက် မျက်နှာကို ငါမသေခင်လေးမြင်ခွင့်ရ ရင်တော့ ငါသေပျော်ပါပြီ...) အဲဒီလိုနဲ့   ငါ့သမီးကြီးဆီကို အရင်သွားကြည့်အုံးမှပဲလို့ တွေးပြီး သမီးကြီး  မကြီးဆီကို တစ်ရွေ့ ရွေ့ နဲ့ ထွက်ခွါခဲ့တယ်.။အဲဒီနေညနေခင်းမှာ..မကြီးရဲ့ မွေးနေ့ ပွဲကို  မကြီးတို့ ခြံကျယ်ကြီးထဲမှာ ခမ်းခမ်းနားနားနဲ့ ကျင်းပနေချိန်ပေါ့.ရောင်စုံမာကျူရီမီးတွေကြားမှာ ငြိမ့်ညောင်းတဲ့  ဂီတသံတွေနဲ့  မွေးနေ့ ပွဲကြီးဟာ ခမ်းနားထည်ဝါလှပါတယ်.။မွေးနေ့ ပွဲကို တက်ရောက်လာကြတဲ့ 
လူကုန်ထံအသိုင်းဝိုင်းက သဌေးတွေ  ဂုဏ်သရေရှိလူကြီးလူကောင်းဆိုသူတွေနဲ့ ပြည့်နှက်လို့ ပျော်ပျော်ပါး
ပါးနဲ့  မွေးနေ့ ပွဲကိုဆင်နွဲနေကြချိန်ပေါ့ဗျာ.။
   မိခင်ခွေးအိုမကြီးခမျာ..အိမ်နောက်ဖေး ခွေးတိုးပေါက်က မဝံ့ မရဲတိုးဝင်ရင်း  ပြုံးပျော်နေတဲ့  သမီး
အကြီးဖြစ်တဲ့  မကြီရဲ့ မျက်နှာလေးကို ငေးကြည့်ရင်း ရင်ထဲမှာ ပီတိတွေနဲ့ ဝေလို့ ပေါ့.။
   အဲဒီလို အချိန်မှာ  မွေးနေ့ ရှင်ဖြစ်တဲ့  မကြီး ဟာ  မိခင်ခွေးအိုမကြီးကို ရုတ်တရက်မြင်လိုက်တယ်ဆို၇င်ပဲ..
အထိန့် တလန့် ဖြစ်သွားကာ....( ဟယ်....အမေပါလား....မဖြစ်ဘူး  မဖြစ်ဘူး..ဒီကိစ္စအမြန်ဆုံးရှင်းမှဖြစ်မယ်.
ငါ့ကို ဒီခွေးမကြီးက မွေးတဲ့  ခွေးသမီးလို့ လူအများသိသွားလို့ မဖြစ်ဘူး..တကယ်လို့ သိသွားရင် ငါလူဘုံအလယ်မှာ အရှက်ရမယ်..သိက္ခာကျမယ်..ဒီမြို့ က သဌေးကတော်ဆိုတဲ့ နာမည်တစ်လုံးနဲ့  နေလာတာ...ခွေးက မွေးတဲ့ ခွေးသမီးလို့  အသိခံလို့ မဖြစ်ဘူး.။ငါ့ယောက်ကျားသိသွားရင်လဲ ငါ့ကို အိမ်ပေါ်က နှင်ချရင် ငါသဌေးကတော်ဘဝက စွန့် လွတ်ရမှာ..မဖြစ်ဘူး..ဒီတော့  ဒီကိစ္စ အပြတ်ရှင်းမှ ရမယ်..)  အဲဒီလိုတွေးပြီး..ခြံထဲက သူ့ လူတွေကို အမိန့် ပေးလိုက်တယ်..( ဟဲ့ ...ဟိုမှာ ဘယ်က ခွေးလေ ခွေးလွင့်တစ်ကောင် ငါ့ခြံထဲရောက်လာတာလဲ..
ငါ့မွေးနေ့ ပွဲမှာမြင်ရတာ ကျက်သရေမရှိဘူး..ဒီခွေးလေ ခွေးလွင့်ကို ရိုက်ထုတ်လိုက်ကြစမ်း..)  အဲဒီလို
အမိန့်ပေးလိုက်တော့ ခြံစောင့် တွေက မညှာမတာ ဝိုင်းရိုက်ကြတာပေါ့ဗျာ..။ခွေးမကြီးခမျာမှာ အသက်ကလဲကြီး..သွက်သွက်လက်လက်လဲ မပြေးနိုင်ရှာတော့  သူတို့ ဝိုင်းရိုက်သမျှ  တဂိန်ဂိန်အော်မြည်ရင်း  ရှိတဲ့ အားလေးနဲ့ ရုန်ကန်ပြေးရရှာတယ်..။
          နောက်တစ်နေ့  မိုးလင်းခါနီးတော့  မငယ်တစ်ယောက် နိစ္စဓူဝ အလုပ်ဖြစ်တဲ့ ကန်စွန်းရွက်တောင်းကို
ခေါင်းပေါ်မှာ ရွက်လို့ ဈေးထဲကို ဈေးရောင်းထွက်လာတာပေါ့..။လမ်းဘေးတစ်နေရာမှာ ဒဏ်ရာတွေ ဗလပွနဲ့  ခါးတစ်ပိုင်းကျိုးပြီး  အော်ညည်းနေရှာတဲ့  ခွေးအိုမကြီးကို မငယ်မြင်တွေ့ လိုက်ရချိန်မှာ....
( ဟယ်....ငါ့အမေပါလား..ဘယ်သူတွေများ ငါ့အမေကို ဒီလောက်ရက်စက်လိုက်ကြတာလိမ့်..ငါအိမ်ကိုခေါ်သွားမှဖြစ်မယ်..) ဒီလိုနဲ့  မိခင် ခွေးအိုမကြီးကို ပွေ့ ပိုက်လို့  မငယ်အိမ်ကိုပြန်လာခဲ့တယ်..အိမ်ကိုရောက်တော့  မိမိလင်ယောက်ကျား
ဖြစ်သူကို (  ယောက်ကျားရေ...ဒါဟာ  ငါ့အမေပဲ...ငါဟာ ဒီခွေးအိုမကြီးက မွေးလိုက်တာပါ..ငါ့ရဲ့ ကျေးဇူးရှင်
မိခင်ကြီးပါ ) အဲဒီလို ပွင့်ပွင့်လင်းလင်းပြောလိုက်ပါတယ်.။မငယ်ရဲ့ ယောက်ကျားက  ဆင်းရဲပေမယ့်
အင်မတန်ရိုးသားဖြောင့်မတ်တဲ့  လူတစ်ယောက်ဖြစ်တဲ့ အတွက်..( မငယ်.. အမေဆိုတာလေ..ဘယ်လိုဘဝ
ဘယ်လိုအခြေနေကိုပဲ ရောက်နေပါစေ..အမေ ဟာ  အမေပါပဲကွာ..ဒီတော့ မင်းအမေဆိုရင်လဲ  ဒါဟာ
ငါ့အမေပါပဲ..ငါတို့ နှစ်ယောက်စလုံး အမေ့ ကိုပြုစုကြစို့ ..)
                ဒီလိုနဲ့  မငယ်တို့ လင်မယားနှစ်ယောက် မိခင်ခွေးအိုမကြီးကို ဆေးဝါးတွေနဲ့ သေသေချာချာကုသပေးကြပါတယ်..ဒါပေမယ့် ခွေးအိုမကြီးခမျာမှာ
အသက်ကလဲကြီး ဒဏ်ရာတွေကလဲ ပြင်းထန်လွန်းတာကြောင့်  နောက်ဆုံးသေခါနီးဆဲဆဲမှာ ....
   ( သမီးမငယ်..အမေ သမီးတို့ လင်မယားနှစ်ယောက်ကို အမေ မသေခင်လေး မှာ ကြား ထားခဲ့ မယ်.သေသေချာချာ နားထောင်ကြ...အမေ  သေသွားပြီးရင်  အမေ့အလောင်းကို
သမီးတို့ အိမ်ဂေါင်းရင်းမှာ မြုတ်ပေးပါ..(၇) ရက်ပြည့်တဲ့ နေ့  အမေ့အလောင်းကို သမီးတို့ ပြန်ပြီး တူးဖေါ်ကြည့်ကြ..ထူးခြားတာမြင်ရလိမ့်မယ်..) လို့ မှာကြားခဲ့ ပြီး ခွေးအိုမကြီး သေသွားပါလေရောတဲ့ ဗျာ..
    အဲဒီလိုနဲ့ (၇) ရက်မြောက်တဲ့ နေ့ မှာ...မိခင်ခွေးအိုမကြီးမှာထားတဲ့ အတိုင်း အိမ်ဂေါင်းရင်းက မြုတ်နှံ့ ထားတဲ့ မိခင်ခွေးအိုမကြီးအလောင်းကိုပြန်ဖေါ်လိုက်ချိန်မှာတော့ ..ထူးခြားဆန်းကြယ်
လှတဲ့  အချင်းရာကိုမြင်လိုက်ရတယ်..ခွေးအိုမကြီး အရိုးတွေဟာ ရွှေသားအတိဖြစ်နေတာကို မြင်လိုက်ကြရတာပေါ့..။
                  ( ဟာ....ထူးဆန်းတယ်ဟေ့ ..ငါတို့ အမေက  ငါတို့ ကို အမွေပေးလိုက်တာပဲ..ငါတို့ သဌေးဖြစ်ပြီ.
မငယ်ရေ...နင်လဲဈေးရောင်းစရာမလိုတော့ ဘူးကွ..ငါလဲ ဆင်းဆင်းရဲရဲ နဲ့ လုပ်ကိုင်စရာမလိုတော့ ဘူး.
ဟားးး ဟားးး သဌေးဖြစ်ပြီဟေ့ ..)
              ဒီသတင်းဟာ တစ်ဖြည်းဖြည်းချင်းနဲ့ ထင်ပေါ်ကျော်ကြားသွားပြီး သမီးအကြီး မကြီး ဆီကို
ပေါက်ကြားသွားတော့ တယ်..။မကြီး က မငယ်ဆီကို အတင်းရောက်လာပြီး အမွေတွေကိုခွဲပေးဖို့ ပြောပါ
တော့တယ်..။မငယ်က  (နင်တစ်ချိန်တုန်းကတော့ ငါ့အမေကို အမေမှန်းမသိ..ငွေဂုဏ် ဓနဂုဏ်တွေမောက်
ပြီး ငါ့အမေကို နင်ရက်ရက်စက်စက်ရိုက်သတ်ခဲ့တယ်..ခုတော့ မှ အမေ့အမွေလာခွဲတယ်..နင်မတရားဘူး
နင့်ကိုငါမပေးနိုင်ဘူး နင် ငါ့ခြံထဲက ခုထွက်သွား  အမိုက်မ ) လို့ ပြောဆိုလွတ်လိုက်တာပေါ့..
   မကြီးက ဇွဲမလျော့ဘူး..တရားသူကြီးဆီကိုသွားပြီး အမွေခွဲဝေပေးဖို့  တိုင်ကြားပါလေရောတဲ့ ဗျာ..ဒီတော့ တရားသူကြီးက..(  ကဲ..ကဲ...မငယ်..မိဘ အမွေဆိုတာ သားသမီးနဲ့ 
ဆိုင်တယ်..သားသမီးနှစ်ယောက်ရှိရင်  နှစ်ယောက်ခွဲယူရတယ်..ဒီတော့  နင်တို့ မှာ  ညီအမ  နှစ်ယောက်
ဖြစ်နေတဲ့ အတွက်  နှစ်ယောက်ညီတူမျှတူခွဲဝေလို့  ယူစေ.......)  အမိန့် ချမှတ်လိုက်ပါတော့ တယ်..။
                တရားသူကြီးရှေ့ မှာပဲ. အမွေကို ညီတူမျှတူခွဲဝေယူတဲ့  အခါ ထူးခြားခြင်းတွေဖြစ်ပေါ်လာပါတယ်..
မငယ်လက်ထဲကနေပြီး..မကြီးလက်ထဲကို ရောက်သွားတဲ့  ရွေသားတွေဟာ..ခွေးရိုးတွေပြန်ဖြစ်သွားကြတယ်.
မကြီးလက်ကနေပြီး  မငယ်လက်ထဲ ပြန်ထည့်လိုက်ချိန်မှာ ရွှေစင် ရွှေသားပြန်ဖြစ်သွားကြပြန်တယ်.။
မကြီးရဲ့ ပိုင်ဆိုင်မှု့ ဆိုပြီး မကြီးအတွက်ခွဲဝေလိုက်တိုင်းမှာ  ရွှေသားစင်စစ်ကနေပြီး  ခွေးရိုးတွေပဲပြန်ဖြစ်သွား
တာကို တရားသူကြီးကိုယ်တိုင် ထူးထူးခြားခြားမြင်တွေ့ နေရပြီပေါ့..။
                 နောက်ဆုံးမှာတော့ တရားသူကြီးက အမိန့် ကိုပြန်လည်ပြင်ဆင်လိုက်ပါတယ်..။မိဘ အမွေဆိုတာ..မွေခံထိုက်သူနဲ့ သာ  သက်ဆိုင်ပါတယ်..။သားသမီးတိုင်း မိဘ အမွေကို ခံယူထိုက်တာမဟုတ်ပါဘူး..မွေခံထိုက်တဲ့  သားသမီးမှသာ  မိဘ အမွေကို ရသင့်တဲ့ အတွက်...မိဘ အမွေကိုခံယူထိုက်တဲ့   မငယ်  သာလျှင် မွေခံထိုက်သော သမီးဖြစ်သည့်အတွက် ရရှိသော အမွေအားလုံးကို
မငယ်အားပေးစေပြီး ဒီမြို့ တွင် သဌေးစာရင်းဝင်အဖြစ် အသိမှတ်ပြုလိုက်ပြီဖြစ်ကြောင်း..အမိန့် ချမှတ်လိုက်လေတော့ သတည်းး.။မငယ်တို့ လင်မယားလဲ ပျော်ရွင်စွာနဲ့ 
သေတပန်သက်တစ်ဆုံး ပေါင်းသင်းနေထိုင်သွားကြသတဲ့ ကွယ်..
 ဒီပုံပြင်လေးကတော့  ကျနော်ငယ်ငယ်က မေမေပြောပြတဲ့ ပုံပြင်လေးဖြစ်ပါတယ်..ဒီပုံပြင်လေးကို ဖတ်ရှူ့ ကြတဲ့ စာဖတ်သူညီကို မောင်နှမများရွင်လန်းချမ်းမြေ့ ကြပါစေ..
                              မင်းစိုး  ( ခံစားတင်ပြပါသည်..။)

No comments:

Post a Comment

လာရောက်ကြသော သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါသည်.။